ကော့သောင်း သြဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် နိုင်ငံတော်မှ မြို့နယ်အတွက်ရရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံး(၂၁၅၀)ဖြင့် ရဟန်း သံဃာသာသနာ့ဝန်ထမ်းများ၊ အခြားဘာသာရေးခေါင်းဆောင်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ အပါအဝင် မြို့နေပြည်သူ များအားထိုးနှံပေးလျက်ရှိရာ ခရိုင် ပြည်သူ့ကျန်းမာရေးဌာန၏ သြဂုတ်လ ၄ ရက်နေ့စာရင်းအရ (၁၅၈၂)ဦးအား ထိုးနှံ့ပေးပြီးဖြစ်ကာ ယနေ့သြဂုတ်လ ၅ ရက်နေ့အထိ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အတွင်း လွန်ခဲ့သည့်ဇွန်လအတွင်းက ပထမအကြိမ်အဖြစ် အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေးအလုံး(၉၀၀)အသုံးပြုကာ သံဃာတော်နှင့်သီလရှင်များ၊ သက်ကြီး ရွယ်အိုများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အသက်(၁၈)နှစ်နှင့်အထက် မြို့နေပြည်သူများ အပါအဝင် လူဦးရေစုစုပေါင်း(၅၄၂၅) ဦးအား ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ယခု ဒုတိယအကြိမ်ရရှိသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အလုံး(၂၁၅၀)ဖြင့် ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းများနှင့် ကုတင်(၁၀၀) တပ်မတော်ဆေးရုံ ဆေးဝန်ထမ်းများက ဇူလိုင်လ ၃၁ ရက်နေ့ကစတင်၍ ရဟန်းသံဃာသာသနာ့ဝန်ထမ်းများ၊ အခြားဘာသာရေး ခေါင်းဆောင်များ၊ အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များ၊ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့် Volunteer လူမှုကူညီရေးအဖွဲ့များအား ဦးစားပေးထိုးနှံပေးခဲ့ရာ သြဂုတ် ၄ ရက်နေ့ အထိ ဆေးထိုးနှံရက် လေးရက်အတွင်း ပြည်သူ(၁၅၈၂)ဦးအား ကာကွယ်ဆေးတစ်ကြိမ်စီထိုးနှံပေးပြီးဖြစ်ရာ အဆိုပါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူများအားလုံး သတ်မှတ်ကာလအတွင်း နောက်ထပ်တစ်ကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံရဦးမည်ဖြစ်သည်။
အလားတူ ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် ကျေးလက်ဒေသများရှိ ပြည်သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ့မှုလုပ်ငန်းများကိုလည်း အဖွဲ့ခွဲကာ တပြိုင်နက်တည်း ဆောင်ရွက်လျှက်ရှိကြောင်း၊ ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက် (၁၃) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စု၊ ကျေးရွာ (၉၁)ရွာရှိပြီး အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ အပါအဝင်အသက်(၁၈)နှစ်အထက်လူဦးရေ (၉၁၉၄၉)ဦး၊ ခန့်ရှိကြောင်း မြို့နယ်ဒေသဆိုင်ရာ အချက်အလက် စာရင်းဇယားများအရ သိရသည်။
ကျော်စိုး (ကော့သောင်း)