ပွင့်ဖြူ ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါပိုး အတည်ပြုလူနာ (၆၅) ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် နေရပ်ပြန်လာသူများနှင့် ကိုဗစ်ပိုးတွေ့ရှိသူနှင့် ထိစပ်မှုရှိသူများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက အပတ်စဉ်(တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာ)နေ့များတွင် RDT (Test Kits) ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်းရှိ Quarantine Centre တွင် ကျန်းမာရေးဝန်ထမ်းများက အခြား Stay at Home မြို့နယ်များမှ နေရပ်ပြန်လာသူများနှင့် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိစပ်မှုရှိသူ (၉၁)ဦးအား RDT ( Test Kits ) ဖြင့် စစ်ဆေးရာခဲ့ရာ (၆၅)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်(၂၆)ဦးမှာ Negative ဖြစ်ကြောင်း သိရသည်။ ကိုဗစ်ပိုးစစ်ဆေး တွေ့ရှိသူများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း တွင် စီစဉ်ထားရှိသော ယာယီဆေးကုသဆောင်တွင်ထားရှိပြီး လိုအပ်သော ကျန်းမာရေးဆေးကုသမှုများ ဆောင်ရွက် ပေးထားကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဇွန်လ ၂၉ ရက်နေ့မှ ယနေ့အထိ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ (၅၄၁)ဦး ရှိပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၈၆ ဦး ၊ ဆေးဝါးကုသမှုခံယူနေဆဲ ပိုးတွေ့အတည်ပြုလူနာ ၂၄၆ ဦး ၊ သေဆုံးသူ (၉)ဦး ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)