တောင်ကြီး ဩဂုတ် ၅
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု များပြားလာသဖြင့် Stay at Home မြို့နယ်အဖြစ်သတ်မှတ်၍ Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှု မရှိစေရေးနှင့် မဖြစ်မနေ ထွက်ခွါသွားလာပါက သတ်မှတ် စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ မြို့နယ်ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်မှစ၍ ကုန်သည်လမ်းနှင့် မီးသွေးတန်း လမ်းဆုံ၊ မြင်းရုပ်မီးပွိုင့်လမ်းဆုံနှင့် အမှတ်(၅)ဈေးတို့တွင် မိုဘိုင်းလှည့်လည်၍ ကွင်းဆင်း စစ်ဆေးခြင်း အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ Stay at Home အစီအစဉ်တွင် ပါဝင်သော တောင်ကြီး မြို့နယ်အတွင်းသို့ အခြားမြို့နယ်များမှ ပြည်သူများ နယ်မြေကျော်ဖြတ်သန်းခြင်း၊ မြို့နယ် အတွင်းရှိ ပြည်သူများ ဈေးဝယ်ထွက်ခြင်းနှင့် ဆေးရုံဆေးခန်းပြသခြင်းတို့အတွက် နေအိမ်ပြင်ပ ထွက်ခွာ သွားရောက်ပါက နယ်မြေဖြတ်သန်းခွင့် ကတ်ပြားများ၊ ဝန်ထမ်းများက ဝန်ထမ်း ကတ်ပြားများ တစ်ပါတည်းယူဆောင်၍ Stay at Home စည်းမျဉ်း စည်းကမ်းများနှင့် အညီ သွားလာမှု ရှိမရှိ စစ်ဆေးဆောင်ရွက်ပြီး ပြည်သူများအနေဖြင့် မိမိအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံဆေးခန်း သွားရောက်ရန် လိုအပ်ပါက တစ်အိမ်လျှင်နှစ်ဦးသာသွားရောက်ရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင် သွားလာကြရန်၊ တာဝန်ထမ်းဆောင်ရန် သွားလာသည့် ယာဉ်များနှင့်ဖြတ်သန်း သွားလာခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန်၊ မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များသွားလာမှုကို စံသတ်မှတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာ ဆောင်ရွက်ကြရန်စသည့် စည်းကမ်းချက်များကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)