တောင်ငူ၌ စတုတ္ထမြောက်နေ့အဖြစ် ဦးတည်အုပ်စုများအား ဦးစားပေးအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

တောင်ငူ ဩဂုတ် ၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုး နှံခြင်းကို စတုတ္ထမြောက်နေ့အဖြစ် ဦးတည်အုပ်စုများအား ဦးစားပေးအလိုက် စုရပ်နေရာ လေးနေရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တောင်ငူမြို့နယ်တွင် သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅) နှစ်နှင့်အထက် ဘိုးဘွားများ၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊  နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများကို သက်မှတ်စုရပ်နေရာ လေးနေရာ ၌ တာဝန်ရှိသူများက တပြိုင်တည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆီနိုဖမ်း ထိုးနှံပေးသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ လူဦးရေ ၂၈၆၂ ဦး ထိုးနှံပေးခဲ့ကြောင်း သိရပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံ ပေးမည်ဖြစ် ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို တောင်ငူမြို့ မြစည်းခုံ သာသနာ့ဗိမာန် (ဟောင်း)၊ ဂယ်ခိုဂယ်ဘား ခရစ်ယာန်ဘုရားကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းနှင့် ကေတုမတီမြို့သစ် အထက်တန်းကျောင်းနေရာများတွင် ဆေးထိုးစုရပ်နေရာအဖြစ် ကာကွယ် ဆေးထိုးနှံပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ များ၊ ကျန်းမာရေး ဝန်ထမ်းများ ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် များ ၊ စေတနာ့ဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ကြီးကြပ် ဆောင်ရွက်ကြောင်း သိရသည်။

ဇော်ထက်