ဝေါလေမြိုင်မြို့၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ထိုးခွင့်ရရှိသည့် ဦးစားပေးအုပ်စုများအား စတင်ထိုးနှံပေး

ဝေါလေမြိုင် ဩဂုတ် ၄

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရရှိသည့် ဦးစားပေးအုပ်စု များအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို (အထက)ဝေါလေမြိုင်ကျောင်းတွင် ယမန်နေ့နံနက် ၁၁ နာရီမှ စတင်၍ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် တပ်မတော်ဆေး တပ်ဖွဲ့ တို့ ပူးပေါင်း၍ နိုင်ငံတော်မှချမှတ်ထားသည့် လုပ်ငန်းစဉ်သတ်မှတ်စည်းကမ်းများနှင့်အညီ ကိုဗစ် ကာကွယ် ဆေးများကို ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံရာတွင် ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးခဲ့ရာ ရဟန်း ၉ ပါး၊ အသက် (၆၅)နှစ် အထက် ၁၁ ဦး၊ ပရဟိတ ၃ ဦး၊ နိုင်ငံ့ဝန်ထမ်း ၄ ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု ၆ ဦးနှင့် ဈေးဆိုင် ရောင်းသူ ၃၁ ဦး၊ စုစုပေါင်း ၆၄ ဦးအား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)