ရှမ်းရွာသစ်မြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ နှင့်ဌာန ဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေး

ရှမ်းရွာသစ်  ဩဂုတ် ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်မှစတင်ပြီး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၊ ရဟန်းသံဃာတော်များနှင့် ဝန်ထမ်းများတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံ ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာစောငြိမ်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများတို့က  ဆေးထိုးရန်လာရောက်သည့် အသက်(၆၅) နှစ်နှင့်အထက်သက်ကြီးရွယ်အိုအဘိုးအဘွားများ၊ သံဃာတော်များနှင့် နိုင်ငံ့ ဝန်ထမ်းများတို့အား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုး မှတ်တမ်းများ ရေးသွင်းခြင်း၊ သွေးပေါင်ချိန်များတိုင်းပေးခြင်း၊ သွေးအတွင်းအောက်စီဂျင် ပမာဏတိုင်းပေးခြင်း များနှင့် ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများအား (၁၅)မိနစ်ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရှိရသည်။

လှိုင်းဘွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်း၊ မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်တို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီးကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လူဦးရေ(၁၀၀)ဦးကို ထိုးနှံပေး သွားမည်ဖြစ်ကြောင်းသိရှိရသည်။