ဒဂုံတောင် သြဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၄၄)ရပ်ကွက် ဝက်မစွပ်လမ်းနှင့် ရာဇသင်္ကြန်လမ်းထောင့်တွင် ယနေ့နံနက်၄နာရီ၁၅မိနစ်အချိန်က မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ထွက်ခွာငြိမ်းသတ်ရာ နံနက်၅နာရီ၅၀မိနစ်အချိန်တွင် မီးငြိမ်းသွား ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မီးသတ်ဦးစီးဌာနမှသိရှိရသည်။
ထိုသို့မီးငြိမ်းသတ်ရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် မီးသတ်ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ အနီးကပ်ကြီးကြပ်ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ် ၄၃စီး ရေသယ်ယာဉ်၈စီး အထောက် အကူပြုယာဉ် ၂ စီး ကွပ်ကဲမှုယာဉ် ၆စီး နှင့် အင်အားသန္ဓေမီး သတ်တပ်ဖွဲ့ဝင် ၃၇၃ဦး အရန်မီး သတ် တပ်ဖွဲ့ဝင် ၆၃ဦးတို့ဖြင့် ငြိမ်းသတ်ခဲ့သည်။
မီးလောင်မှုဖြစ်စဉ်မှာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၁၄၄)ရပ်ကွက် ဝက်မစွပ်လမ်းနှင့် ရာဇသင်္ကြန်လမ်း ထောင့်အမှတ်(၇၃/၇၄) ရွှေလှေမုန့်တိုက်ရှိနောက်ဖေးလှေကားအဆင်းအနီးတွင် ဝါယာ ရှော့ ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ရွှေလှေမုန့်တိုက်ရှိ(၂)ထပ်တိုက်နေ အိမ်(၁)လုံး ဂိုဒေါင် (၁)လုံးနှင့် အတွင်းရှိပစ္စည်းများအားမီးလောင် ဆုံးရှုံးခဲ့ပြီး အဆောက်အဦ ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်၂၅၅သိန်းနှင့် ပစ္စည်းဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်၇၃သိန်းဖြစ်ပြီး စုစုပေါင်းဆုံးရှုံးမှု တန်ဖိုး၃၂၈သိန်း ဖြစ်ကြောင်းသိရှိရသည်။
မီးလောင်မှုဖြစ်စဉ်အား Level 3 အဆင့်သတ်မှတ်ခဲ့ပြီး မီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲဝင်(၂)ဦး ဒဏ်ရာရရှိ (မစိုးရမ်ရ)နှင့် မီးလောင်မှုဖြစ်ပွားခြင်းအတွက် ရွှေလှေမုန့်တိုက်မန်နေဂျာအား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။