ချောင်းသာ သြဂုတ် ၄
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင်ယမန်နေ့နံနက် ၉ နာရီ အချိန်မှ စတင်၍ ညနေ (၄) နာရီ အချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို များ၊ ပညာရေးဌာနမှ ဝန်ထမ်းများစားသောက်ဆိုင်များရှိ ဝန်ထမ်းများ၊ စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများ၊ စတိုးဆိုင်များရှိ ဝန်ထမ်းများ၊ ရွှေသာယာမြို့မစျေးရှိ စျေးသည်များနှင့် Hotel& Motel၊ တည်းခိုခန်းများရှိ အလုပ်သမားများအား လူမျိုးဘာသာမရွေးထိုးနှံပေးခဲ့ကြောင်း သိရ သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ချောင်းသာမြို့ အထကစာသင်ကျောင်းအတွင်းတွင် ထိုးနှံပေးခြင်း ဖြစ်ပြီး ကျောင်းအဝင်ဝတွင် လက်သန့်ဆေးများဖြင့် လက်ဆေးခြင်း၊ နားနေခန်း များတွင် နာရီဝက်ခန့် နားနေစေခြင်း၊ ဆေးစစ်ခြင်းလုပ်ငန်းများကို ကြီးကြပ်ထိန်းသိမ်း လုပ်ဆောင် စေပြီးမှ ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါဆေးထိုးခြင်းလုပ်ငန်းကို (၄-၈-၂၀၂၁)ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက် (၉) နာရီအချိန်တွင် ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် အသက် (၆၅) နှစ်အထက် သက်ကြီး ရွယ်အိုများနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ကျန်ရှိနေသေးသည့် စတိုးဆိုင်များမှ ဝန်ထမ်းများနှင့် Hotel& Motel များရှိ ဝန်ထမ်းများကို သတ်မှတ်ထားသည့် ဦးစားပေး အဆင့်အလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှကြီးမှူး ၍ အုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခံတပ်/ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့စည် ပင်ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့ လဝက၊ မြို့နယ် ပြန်/ဆက်ဝန်ထမ်းများနှင့် ကမ်းခြေစည်းကမ်းထိန်းသိမ်း/သန့်ရှင်းရေးအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ယနေ့ပြုလုပ်သည့် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဥ်တွင် ပါဝင်ကူညီလုပ်ဆောင်ပေးကြသည့် ဌာန ဆိုင်ရာမှ ဝန်ထမ်းများနှင့် ပရဟိတကူညီဆောင်ရွက်ပေးကြသော အများအကျိုးဆောင် လူငယ်လေးများကို ဦးကိုကို လွင်ပင်လယ်လေပြေ တည်းခိုခန်းနှင့်ရေသန့်လုပ်ငန်းမိသားစုမှ နေ့လယ်စာအဖြစ် ကြာဇံကြော် ဗူး(၄၀) နှင့် သရဖူ စတိုးဆိုင်မှ ပေါင်မုန့် အထုပ် (၉၀) တို့အား ပါဝင်လှူဒါန်း ကူညီခဲ့ပါသည်။