ရန်ကုန် ဩဂုတ် ၄
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေ မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုး အဘွား (၈၀၀)ဦးကို နှစ်နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစား Covid -19 Vaccine များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လာရောက်ထိုးနှံသည့် အဘိုးအဘွားများ =အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး၊ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေ ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များ၊နယ်မြေခံ တပ်မတော်သားများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ ကြက်ခြေနီ အသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီးစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ Sinopharm အမျိုးအစား Covid -19 Vaccine ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ပထမဉီးစားပေး အစီအစဉ်အဖြစ် ထိုးနှံပေးသွားမှာဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန် ထမ်းဆောင် နေကြသည့် ကာကွယ်ဆေးမထိုးရသေးသော အစိုးရဆေးရုံများမှ ကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာ များရှိ ဘိုးဘွားမိဘများ၊ သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ကာကွယ်ဆေး မထိုးရသေးသော နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှ ပုဂ္ဂိုလ်များ၊ စူပါမားကတ်များမှ ဝန်ထမ်းများ၊ ဈေးများမှ ဈေးသူ/ဈေးသားများနှင့် ကျန်ဦးတည်အုပ်စုများကိုလည်း ကာကွယ်ဆေးရရှိသည့်အပေါ် မူတည်၍ ဦးစားပေးအဆင့်အလိုက် အမြန်ဆုံး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
“ ကိုဗစ်-၁၉ရောဂါဟာ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ပြန့်နှံ့မှုနှုန်း မြန်ဆန်မြင့်မား နေတယ်လေ။ အခုလို ကူးစက်မှုနှုန်း မြင့်မားနေတဲ့အချိန်မှာ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတွေ ထိုးနှံပေးတဲ့အပေါ် အရမ်းလည်း ကျေးဇူးတင်ရှိပါတယ်။ ကျွန်မတို့လို တစ်ခြား အသက်အရွယ် ကြီးရင့်ပြီး ဆေးမထိုးရသေးတဲ့ လူတွေကိုလည်း ယုံကြည်စွာ လာရောက်ပြီး ထိုးနှံကြ ဖို့လည်း ပြောချင်ပါတယ် ” ဟု ကာကွယ်ဆေးလာရောက်ထိုးနှံသူ အဘွား ဒေါ်ကြင်သန်းက ပြောကြား ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရမည့် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား( ၁၆၆၈၂) ဦးထိရှိရာ ကာကွယ် ဆေးရရှိသည့် ပမာဏအပေါ်မူတည်၍ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
နိုင်လင်းအောင်