ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ လာရောက်ထိုးနှံသူများပြား

မောင်တော  ဩဂုတ်  ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၆၅)နှစ်နှင့် အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား  ပထမအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဩဂုတ် ၄ ရက်နေ့တွင် တတိယနေ့အဖြစ် လူမျိုးဘာသာမရွေး  ဆက်လက် ထိုးနှံပေး လျက်ရှိရာ လာရောက်ဆေးထိုးနှံသူများပြားလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများအားကလာရောက် ထိုးနှံ သည့် အသက်(၆၅)နှစ် နှင့်အထက်ပြည်သူများ နှင့် ဦးစားပေးအစီအစဉ်တွင် ပါဝင်သူများအား ကိုယ်အပူချိန် တိုင်းတာ ခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်     အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနားယူ စေကာ ကျန်းမာရေး စောင့်ရှောက်မှုများဆောက်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေ နီ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် မောင်တောမြို့နယ်အတွက် ခွဲတန်းရရှိသည့် ကာကွယ်ဆေးအရေအတွက်မှာ (၁၄၉၀) လုံးဖြစ်ပြီး ဦးစားပေး အစီအစဉ်အရ ကာကွယ်ဆေးထိုးနှံရန် လျာထားလူဦးရေ (၂၉၈၀)ဦး ထိုးနှံပေး မည် ဖြစ်သည်။ အသက် ၆၅ နှစ်နှင့် အထက်  ပြည်သူများအား  လူမျိုးဘာသာမရွေး Sinopharm အမျိုးအစား        ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ဩဂုတ် ၂ ရက် ပထမနေ့တွင် မောင်တောမြို့နယ်အတွင်း လူဦးရေ (၇၅၉)ဦးအား လည်း ကောင်း ၊ ဩဂုတ် ၃ ရက် ဒုတိယနေ့တွင်  လူဦးရေ (၅၉၈)ဦး တို့အား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ၂၀၂၁ ခုနှစ် ၊ ဩဂုတ် (၂)ရက် နေ့မှ ဩဂုတ် (၇) ရက် နေ့ထိ   နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ်နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး