ကော့ကရိတ် သြဂုတ် ၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ဇူလိုင်နောက်ဆုံးအပတ်က မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေ တိုက်စားမှုများကြောင့် နဘူး-ထိုးကော်ကိုး လမ်းအပိုင်းရှိ နန်းဆံလစ်-နဘူးတံခွန်တိုင် ကျေးရွာ ချင်းဆက်သွယ်ထားသည့် မေတ္တာပေါင်းကူးတံတားတစ်စင်းလုံး ကျိုးကျကာ မျောပါပျက်စီးခဲ့ကြောင်းနှင့် KNU/KNLA–PC ဌာနချုပ်အနောက်ဘက်ရှိ နဘူးချောင်းကူးတံတားမှာ အလယ်မှ အောက်သို့ ကျိုးကျသွားခဲ့သည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် စက်လှေများ၊ လက်လှော်လေများဖြင့်သာ ဖြတ်သန်းသွာလာလျက်ရှိကြောင်း သိရသည်။
အဆိုပါ မေတ္တာပေါင်းကူးတံတားမှာ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ်၊ လွှတ်တော်ရန်ပုံငွေကျပ် သိန်း (၃၀)နှင့် ကော့ညိုင်း ဘုန်းတော်ကြီးကျောင်း ဆရာတော်မှ ဦးဆောင်၍ ပြည်သူထည့်ဝင်ငွေကျပ် သိန်း (၁၇၀) စုစုပေါင်း ငွေကျပ် သိန်း (၂၀၀) ဖြင့် ဆောက်လုပ်ထားသော နန်းဆံလစ်-နဘူးတံခွန်တိုင် ကျေးရွာချင်းဆက်သွယ်ထားသည့် မေတ္တာပေါင်းကူးတံတား အရှည် (၁၆၀)ပေ၊ အကျယ် (၁၃)ရှိ သံကူကွန်ကရစ်အမျိုးအစားမှာ ဇူလိုင် ၃၀ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေနှင့်အတူ သစ်တုံးများမျှောပါလာခဲ့ပြီး တံတား၏ အောက်ပိုင်းအား တိုက်မိခဲ့သည့်အတွက် တံတားတစ်စင်းလုံး ကျိုးကျပျက်စီးကာ နဘူးချောင်းအတွင်း မျောပါသွားကြောင်းနှင့် ၂၀၁၉-၂၀၂၀ခုနှစ်က KNU/KNLA–PC ဌာနချုပ်အစီအစဉ်ဖြင့် ဆောက်လုပ်ထားသည့် ဌာနချုပ်အနောက်ဘက်ရှိ နဘူးချောင်းကူးတံတား အရှည် (၁၀၀)ပေ၊ အကျယ် (၁၂) ပေရှိ သံကူကွန်ကရစ်အမျိုးအစားမှာလည်း ဇူလိုင် ၂၇ရက်နေ့က တောင်ကျချောင်း ရေတိုက်စားမှုကြောင့် တံတားအလယ်မှ အောက်သို့ ကျိုးကျသွားခဲ့သည့်အတွက် မော်တော်ယာဥ်နှင့် မော်တော်ဆိုင် ကယ်များ ဖြတ်သန်းသွားလာ၍ မရတော့ ကြောင်း သိရသည်။
စောအောင်မျိုးလွင်