ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အသက် ၆၅ နှစ်အထက် မိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ ပေါင်း ၃၁၅၂ ဦးရှိပြီဖြစ်

ဟိုပုံး သြဂုတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အသက် ၆၅နှစ်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ဩဂုတ်လ ၃ရက်နေ့၌ ဆက်လက် ထိုးနှံပေး လျက်ရှိရာ စုစုပေါင်း ၃၁၅၂ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။ ဟိုပုံးမြို့နယ်တွင် အသက် ၆၅ နှစ်အထက် ဘိုးဘွားများနှင့် ဦးစားပေး အစီအစဉ်အရ ဆေးထိုးပေးနိုင်သူများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၄၇၄)ဦး၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၈နာရီမှ ညနေ ၄နာရီအထိ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

ထို့နောက် ဇူလိုင်လ (၃၁)ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမနှင့် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၊ ကျောက်တန်းတိုက်နယ်ဆေးရုံ၊ မိုင်းပျဉ်းတိုက်နယ်ဆေးရုံ၊ နမ်းခုတ်ကျန်းမာ ရေးဌာန၊ စံဖူးကျန်းမာရေးဌာနတို့တွင် (၅၇၆)ဦးတို့ကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ဆေးထိုးစုရပ်(၆)ခုများရှိ ဩဂုတ်လ(၁)နေ့တွင်(၇၇၈)ဦး တို့ကိုလည်းကောင်း၊ ဩဂုတ်လ (၂)နေ့တွင် (၇၃၈)ဦးတို့ကိုလည်းကောင်း၊ ဩဂုတ်လ(၃)နေ့တွင်(၅၈၆)ဦး စုစုပေါင်း(၃၁၅၂)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ဆေးထိုးလုပ်ငန်းများအဆင့်ဆင့် ဆောင်ရွက်နေမှုကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ကော်မတီ၀င်များ ကြီးကြပ်မှုဖြင့်၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ ၀န်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာ၀န်ရှိသူ များနှင့် ၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ဆေးထိုးရန် ကျန်ရှိသည့် ရပ်ကွက်/ ကျေးရွာများမှ အသက် ၆၅ နှစ်အထက် မိဘပြည်သူများနှင့် ဦးစားပေးအစီအစဉ်အရ ဆေးထိုးပေး နိုင်ကျန်ရှိနေသည့်သူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။