တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် ဦးစားပေးထိုးသင့်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ

တပ်ကုန်း ဩဂုတ် ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေး ထိုးသင့်သူများအား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း  ဆေးထိုးစုရပ်တွင် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့် အဖွဲ့ဝင်များ ကြီးကြပ်၍  ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း ဆောင်ရွက်ပေးပြီး၊ ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးသည့်အပြင် ဆေးထိုးနှံပြီသူများကိုလည်း ဌာနဆိုင်ရာများနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက နားနေဆောင်များသို့ နာရီဝက်ခန့် အနားယူနိုင်စေရန် ကူညီခေါ်ဆောင်ပေးခြင်း၊ အနားယူနေစဉ်အချိန်အတွင်း ရုတ်တရက် ကျန်းမာရေး ချို့ယွင်း လာပါကလည်း အဆင်သင့်ဆောင်ရွက်ပေးခြင်း၊ အနားယူပြီး ချိန်တွင်လည်း စနစ်တကျ ပြန်နိုင်စေရန်အတွက် လမ်းများကို ဆောင်ရွက်ပေးထားခြင်းနှင့် ကာကွယ်ဆေး လာရောက် ထိုးနှံသူများ ကျန်းမာရေးအတွက် သာမက  လုံခြုံရေးအတွက် ကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များက  ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် တပ်ကုန်းတပ်နယ်မှ ဆေးအဖွဲ့များက ရပ်ကွက်၊ ကျေးရွာ သတ်မှတ်ရက်များအလိုက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို   တစ်ရက်လျှင် လူဦးရေ (၁၀၀၀)နှုန်းဖြင့်   ဩဂုတ် ၁ ရက်မှ ၄ ရက်နေ့ထိ ထိုးနှံပေးလျက်ရှိကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်