အင်းတော်မြို့၌ အသက် ၆၅ နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

အင်းတော် ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၌ အသက် ၆၅ နှစ်အထက် အသက်အရွယ် ကြီးရင့်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့မှစတင်၍ အင်းတော်မြို့ အောင်ဇေယျရပ်ကွက်ရှိ သံဃာ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန် အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့မှ စတင်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး Sinopharm ကာကွယ်ဆေးအလုံးရေ ၂၀၀၀ အား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးမှု နှင့်ပတ်သက်၍ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်နေ အသက် ၈၁ နှစ် အရွယ် ဦးအောင်မောင်းကကျွန်တော်က ဒီကိုဗစ် ရောဂါပိုးကို အင်မတန်မှ ကြောက်တယ်။ ဒါကြောင့်မို့ ဒီဆေးကို ထိုးမှ ဖြစ်မယ်လို့ စိတ်ဆုံးဖြတ်ပြီးတော့ လာထိုးတာဖြစ်ပါတယ်။ ဆေးထိုးဖို့လာရတာလဲ အခက်အခဲမရှိပါဘူး။ ဆေးထိုးတဲ့ အခါမှာလည်း သက်တောင့် သက်သာပါပဲ၊ ဆေးထိုးလို့ ထိုးမှန်းတောင် မသိလိုက်ပါဘူး။ ဘယ်ဘက်လက်မောင်းမှာ ထိုးပေးတာပါ။ ဒီမှာလုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့သူတွေကလည်း မသိတာတွေရှိရင် ပြောပြပေးပါတယ်။ တော်တော်ကြီးလဲ လေးလေးစားစားရှိကြပါတယ်။ အသက်အရွယ်ကြီးတဲ့သူတွေဆိုတော့ မသိတာတွေ၊ နားမလည်တာ တွေကိုလဲမေးလို့ရပါတယ်။ အခုက နှစ်ကြိမ်ထိုးရမှာ ဖြစ်တော့ ကျွန်တော်တို့က နောက်တစ်ကြိမ်ထိုးရအုံးမှာပါ။ ဆေးထိုးလိုက်ရပြီ ဆေးထိုးပြီးပြီဆိုတော့ စိတ်ကလေးမှာ ပီတိဖြစ်သွားပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီးတော့ တော်တော်လေး စိတ်ချမ်းသာ သွားပါပြီ။ နောက်တစ်ကြိမ်လဲ ဆေးထိုးရအုံးမှာဆိုတော့ ဒီဆေးကို ဆက်ဆက် လာထိုးမှာပါ။ဟု ပြောပြခဲ့သည်။

အင်းတော်မြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ယခုအကြိမ်နှင့်ပါဆိုလျှင် တတိယအကြိမ်မြောက် ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် Covidshield ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ(၁၈၀)လုံး၊ ဒုတိယအကြိမ်အဖြစ် Covidshield ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ(၁၈၀)လုံးတို့အား ဆရာတော်ကြီးများနှင့် သီလရှင်များ၊ ပြည်သူ့ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များ စေတနာ့ဝန်ထမ်းများအား ထိုးနှံပေးခဲ့ပြီးသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံသည့် နေရာသို့ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက လိုအပ်သော ကိစ္စရပ်များကို ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ