ဝက်လက်မြို့နယ်တွင် ရဟန်းသံဃာတော်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

ဝက်လက် သြဂုတ် ၃ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ရဟန်းသံဃာတော်များ၊ အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ကျေးရွာအုပ်စု များအလိုက် နေရာ(၃)နေရာခွဲ၍ ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်ကာ ထိုးနှံပေးလျက်ရှိသည်။ ဝက်လက်မြို့နယ်တွင် Sinopharm အမျိုးအစား ကိုဗစ်-၁၉ကာကွယ်ဆေး အလုံး ၁၀၀၀ ရရှိခဲ့ပြီး ပထမဦးစားပေးအဖြစ် ရဟန်းသံဃာတော်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ကာကွယ်ဆေးထိုးနှံခြင်းကို ဆေး(၁)လုံးလျှင် လူဦးရေ (၂)ဦးနှုန်းဖြင့် ပထမနေ့တွင် ဆေးလုံးပေါင်း (၅၀၁)လုံးကို စုစုပေါင်း လူဦးရေ (၁၀၀၂)ဦး ထိုးနှံပေးခဲ့ကာ ကျန်ရှိသော ဆေးလုံး(၄၉၉)လုံးကို ဒုတိယ နေ့တွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကာကွယ်ဆေးထိုးနံပေးရာတွင် ဝက်လက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးကျော်ခိုင်ထွန်းနှင့် အဖွဲ့ဝင်များမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရာ နေရာများ ဖြစ်သော အ.ထ.က ဝက်လက်၊ အ.ထ.က လှတောနှင့် အ.ထ.က ရွာသာကြီး များသို့ လှည့်လည် ကြည့်ရှု့ခဲ့ ကြကြောင်းသိရသည်။ အိမွန်ထွန်း