မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်မရောမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် လိုအပ်သည့် အောက်စီဂျင်များ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခြင်းနှင့် ရေဘေးသင့် ပြည်သူများ ထောက်ပံ့ရေးပစ္စည်းများပေးအပ်

ကျိုက်မရော ဩဂုတ်  ၃

မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာဌာနအလိုက်  တာဝန်ရှိသူများသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းအတွက်  လိုအပ်သည့် အောက်စီဂျင်များ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများပေးအပ်ခြင်းနှင့်   ရေဘေးသင့် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ၊  ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျိုက်မရောမြို့၊ ဘုရားကြီး ကျောင်းတိုက်တွင် ဆောင်ရွက်သည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ရေဘေးသင့် အိမ်ထောင်စု ပြည်သူများအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၂၄) ပြည်အိတ် (၂၀၀)အိတ်၊ စားသုံးဆီ (၁၀) ပိသာပုံး (၃၅) ပုံး၊ PPEဝတ်စုံများ၊  သောက်ရေသန့်များ၊ Mask၊ Face shield များ၊ ထောက်ပံ့ ပေးသည့်အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် ကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက အထူးအလေးထား ဆောင်ရွက်နေကြပြီး ယင်းတို့အတွက်လည်း ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ အဟာရပြည့် အစားအစာများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်အဖွဲ့သည်  ကျိုက်မရောမြို့နယ်တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှု  အခြေအနေအား သွားရောက်ကြည့်ရှု၍ မွန်ပြည်နယ် အစိုးရအဖွဲ့မှ လိုအပ်သည်များကို  ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)