ဗန်းမော် ဩဂုတ် ၃
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဗန်းမော်မြို့ ခွန်သာ၊ နောင်ခို၊ ပေါက်ကုန်း နှင့် ဟန်းတဲရပ်ကွက်တို့မှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးများအား စုရပ်(၂)စုခွဲ၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ဗန်းမော်ခရိုင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက လည်းကောင်း၊ အမှတ်(၁၁)စစ်မြေပြင် ဆေးတပ်ရင်းမှ ဗိုလ်ကြီးထက်လင်းအောင်နှင့် အဖွဲ့တို့သည် ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက် များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်စေ ခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် စနစ်တကျ မှတ်တမ်းရေးသွင်း ခြင်းများ ပြုလုပ်ပြီး ကာကွယ်ဆေးထိုးပေးလျက်ရှိရာ ဗန်းမော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ခရေဆောင်၌လည်းကောင်း၊ ဗန်းမော်မြို့တော်ခန်းမ၌လည်းကောင်း စုရပ်ခွဲ၍ ဗန်းမော်မြို့နယ် အတွင်းတွင် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးများ၊ အစိုးရနှင့်ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း များ၊ ပရဟိတအဖွဲ့များ၊ ဘုန်းကြီး၊ သီလရှင်၊ ဘာသာရေးကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ အကျဉ်းသား၊ အချုပ်သားများ ဦးစားပေးအလိုက် ဆောင်ရွက်၍ ဇူလိုင်လ ၃၁ ရက် နေ့မှ ဩဂုတ် ၂ ရက်နေ့အထိ စုစုပေါင်းလူဦရေ (၁၂၀၃)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာ၌ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များတို့က ကူညီဆောင်ရွက်ပေးလျက်ရှိရာ ဗန်းမော်ခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က ကြည့်ရှုစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။