မြောက်ဦး ဩဂုတ် ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာ တိုက်ရှောင်စခန်းများရှိ ကျေးလက်နေပြည်သူများ အနေဖြင့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူး စက်မြန်ရောဂါ ပြန့်နှံမှုမှ ကြိုတင်ကာကွယ်နိုင် ရန်အတွက် ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးဟောပြောခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာရှိ တိုက်ပွဲရှောင်စခန်းသို့ သွားရောက်ပြီး ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ အသင်းခွဲမှ တပ်ခွဲမှူး ဒေါ်သူဇာဌေးဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များက တိန်ညိုတိုက်ပွဲရှောင် စခန်းသို့ သွားရောက်ပြီး ရခိုင်ပြည်နယ်အတွင်း ယခုလက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် တိုက်ပွဲရှောင် စခန်းများရှိ ကျေးလက်နေပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား တိကျစွာ လိုက်နာပြီး ဆောင်ရန်/ရှောင်ရန်အချက်များ၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အား စနစ်တကျ တပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆) ပေအကွာမှသာ ပြောဆိုဆက်ဆံနေထိုင်ကြရန်၊ လက်သန့်ဆေးရည် ဖြင့်လက်ကို စက္ကန့် ၂၀ ကြာ အောင် စနစ်တကျ ဆေးကြောနည်းများအား လက်တွေ့သရုပ်ပြသခြင်း၊ နေအိမ်အပြင်ထွက်တိုင်း Mask များ တပ်ဆင်သွားလာကြရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများနှင့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ကျန်းမာရေးအသိ ပညာပေးခြင်းများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အသိပညာပေးသွားရောက် ဟောပြော ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း