ဒေါပုံ ဩဂုတ် ၃
အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအလယ်တန်း ကျောင်းတို့ တွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ဒေါပုံမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်မင်းအေး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များ၊ မြို့နယ်မီးသတ်၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းများ ပူးပေါင်း၍ ဘိုးဘွားများ အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ အသက်(၆၈)နှစ် ဒေါ်တင်တင်လှက “ ကြီးကြီးက ပုသိမ်မြေရပ်ကွက်မှာ နေပါတယ်ကွယ်၊ ကာကွယ်ဆေးထိုးပေးမယ်လို့ ရပ်ကွက်ထဲ ကြေညာကထဲက ကြီးကြီးဆေးထိုးဖို့မျှော်နေတာ၊ ဒီရောဂါကြီးကြောင့် လူတွေသေဆုံးနေတာ နေတိုင်းကြားနေရတော့ ကာကွယ်ဆေးက ထိုးသင့်တယ်လို့ ကြီးကြီးထင်တယ်ကွယ်၊ ထိုးဖို့လည်းကြီးကြီးက တိုက်တွန်းတယ်” ဟု အဘွားတစ်ဦး၏ ရင်တွင်းစကားသံကိုလည်း သိရှိရသည်။
ဒေါပုံမြို့နယ်တွင် ရပ်ကွက်(၁၄) ရပ်ကွက်ရှိပြီး မြို့နယ်အတွက် ရရှိသည့် ကာကွယ်ဆေး အလုံး (၄၀၀)အား ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် လူဦးရေ(၈၀၀)အား ပထမအဆင့်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။