ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက် (၆၅) နှစ်နှင့် အထက် ရှိသူများနှင့် ဦးစားပေးအဆင့်များတွင် ပါဝင်သူများအား ပထမအကြိမ် ထိုးနှံပေး

 

ခင်ဦး  ဩဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက် (၆၅) နှစ်နှင့်အထက်ရှိသူများနှင့် ဦးစားပေးအဆင့်များတွင် ပါဝင်သူများအား ပထမအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းကို ယနေ့ စတင်ထိုးနှံပေးခြင်း နှင့် ပတ်သက်၍ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တွေ့ဆုံမေးမြန်းခြင်းတွေ့ဆုံမေးမြန်းသူ- ဦးစိုးဝေအောင် (ခင်ဦး)

မေး။ ခင်ဦးမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေဘယ်လောက်ရပြီး လူဦးရေဘယ်လောက်ထိုးပေးမှာပါသလဲ။

ဖြေ။ ခင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ တစ်ထောင် ရရှိပြီး ဆေးတစ်လုံးလျှင် လူ(၂) ဦးထိုးရမှာဖြစ်တဲ့အတွက် လူဦးရေ နှစ်ထောင် ထိုးပေးမှာ ဖြစ်ပါတယ်။

 

မေး။ ဘယ်လိုလူမျိုးတွေကို ဦးစားပေးထိုးပေးမှာပါလဲ။

ဖြေ။ ပထမဦးစားပေးကတော့ အသက် (၆၅) နှစ်နှင့် အထက် ရှိသူများနှင့် ဆရာတော်၊ သံဃာတော်၊ သီလရှင်၊ ဘာသာရေး ပုဂ္ဂိုလ်တွေ၊ အစိုးရ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဈေးသည်များ၊ မော်တော်ယာဉ်ဂိတ်မှ ပုဂ္ဂိုလ်များ၊ တည်းခိုးခန်းများမှ ပုဂ္ဂိုလ်များ၊ အချုပ်သားများ၊ လူမှုရေးအသင်းအဖွဲ့ တို့ကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။

 

မေး။ ဘယ်နေရာတွေမှာ ထိုးနှံပေးမှာလဲ။

ဖြေ။ နေရာ (၅) နေရာခွဲပြီး ထိုးနှံပေးမှာဖြစ်ပါတယ်။ မြကန်သာရပ်မှာဆိုရင် အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်တွေ၊ မြို့လယ်ဓမ္မာရုံမှာဆိုရင် ဆရာတော်၊ သံဃာတော်၊ သီလရှင်နဲ့ ဘာသာရေး ပုဂ္ဂိုလ်တွေ၊ အောင်ချမ်းသာရပ်နဲ့ အောင်မင်္ဂလာရပ်မှာရှိတဲ့ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်တွေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှာ ဈေးသည်တွေ၊ မော်တော်ယာဉ်ဂိတ်မှ ပုဂ္ဂိုလ်တွေ၊ တည်းခိုခန်းများမှ ပုဂ္ဂိုလ်တွေ၊ အထက မှာဆိုရင် အောင်သီရိရပ်နဲ့ မြနန္ဒာရပ်မှာရှိတဲ့ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်တွေ၊ ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှာဆို ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိက ဆေးခန်းဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ငွေစုငွေချေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်တွေကို နေရာခွဲပီး ထိုးပေးလျက်ရှိပါတယ်

 

မေး။ ဘယ်နှစ်ရက်ထိုးပေးမှာလဲ။

ဖြေ။ ဩဂုတ်လ ၃ ရက်နေ့ နံနက် (၈) နာရီက စတင်ထိုးပေးပြီး ၄ ရက်နေ့ထိ ထိုးပေးမှာဖြစ်ပါတယ်။

 

အသက်(၆၈) နှစ်ရှိတဲ့ ဦးခင်မောင်ငြိမ်းနှင့် တွေ့ဆုံမေးမြန်းခြင်း

မေး။ အဘအသက်ဘယ်နဲ့ အမည်လေး ပြောပြပေးပါ။

ဖြေ။ အဘနာမည်က ဦးခင်မောင်ငြိမ်း၊ အသက်ကတော့ (၆၈)နှစ်ရှိပါပြီ။

 

မေး။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနဲ့ပတ်သက်ပြီး အဘရင်ထဲကစကားလေး သိပါရစေ။

ဖြေ။ နိုင်ငံတော်အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးတာ၊ ပံ့ပိုးပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ နိုင်ငံတော်လဲ အေးချမ်းသာယာပါစေ၊ ကျွန်တော်တို့အသက်ကြီးတဲ့သူတွေက အလှုပ်အလဲ့မခံပါဘူး၊ အခုလာထိုးတဲ့ သူတွေကလည်းပျေိာ်ပျော်ရွှင်ရွှင်ပါဘဲ၊ ဒီဆေးတွေက ပိုက်ဆံပေးပြီးဝယ်လို့ရတဲ့ဆေးတွေမဟုတ်ဘူး၊ နိုင်ငံတော်က ပံ့ပိုးပေးလို့ ကျွန်တော်တို့က ထိုးရတာ။ ဟိုရက်ကဆို ထိုးချင်တာ တခြားမြို့တွေမှာ ကာကွယ်ဆေးတွေ ထိုးပေးနေပြီးကြားတော့ ငါတို့မြို့ ဘယ်တော့လောက်များ ထိုးပေးမှာပါလိမ့်လို့၊ ကျွန်တော်တို့လို အသက် (၆၅) နှစ် အထက်ကို ဒီနေ့လာထိုးလို့ရပြီးလို့ ကြေညာလိုက်တော့ ဝမ်းတွေသာတာ၊ အခုလိုကာကွယ်ဆေးထိုးပေးတဲ့ နိုင်ငံတော် ကိုရော၊ မြို့နယ်ကအကြီးအကဲတွေရော၊ ကာကွယ်ဆေးကို ဝိုင်းဝန်းထိုးပေးတဲ့ သူတွေကိုရော ကျေးဇူးတင်ပါတယ်။

ဈေးသူ၊ ဈေးသားတစ်ဦးကလည်း ယခုလိုပြောကြား

မေး။ နာမည်လေးပြောပြပေးပါ။

ဖြေ။ ကျွန်တော်ကတော့ ဦးတင်အောင်ဌေးပါ။ မြို့မဈေးမှာ ဈေးရောင်းပါတယ်၊ ယခုလို ဈေးသူ၊ ဈေးသားတွေကို ကာကွယ်ဆေးထိုးပေးတဲ့အတွက် ဝမ်းသာပါတယ်။ ဈေးဆိုတာက လူပေါင်းစုံလာတဲ့အတွက် ရောဂါကူးစက်မြန်တဲ့ နေရာဖြစ်တဲ့အတွက် ကိုယ်ကိုကိုယ်ကာကွယ်တဲ့ အနေနဲ့ လာရောက်ထိုးနှံတာ ဖြစ်ပါတယ်။

စိုးဝေအောင်