မာန်အောင် ဩဂုတ် ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံ(ဟောင်း)နေရာ၌ ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့ပေါ်ရပ်ကွက်အလိုက် ၅ ရက်ကြာ ထိုးနှံပေးသွား မည်ဖြစ်ပြီး ပထမရက် အနေဖြင့် မြို့သစ်ရပ်ကွက်၊ ကန်းနားရပ်ကွက်၊ ရန်အောင်မြင်ရပ်ကွက်မှ ဘိုးဘွားများအား ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေး လာရောက် ထိုးနှံသူများကို ကာကွယ်ဆေးမထိုးပေးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင် ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းများ ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ထိုးနှံခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် ပြည်သူများကိုလည်းဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံလုပ်ငန်းများတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ကူညီခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဦးရွှေလှအောင်နှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလာသူ ဘိုးဘွားများအား ကြည့်ရှုအားပေးစကားပြောကြားခဲ့သည်။
မာန်အောင်မြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံးရေ (၆၇၀)လုံး ရရှိထားပြီး ကာကွယ်ဆေးတစ်လုံးကို လူနှစ်ဦးနှုန်းဖြင့် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။