မောင်တော ဩဂုတ် ၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၆၅)နှစ် နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ပထမအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီမှစတင်ကာ မြို့နယ်အတွင်းရှိ စုရပ်(၅)ခုတွင် လူမျိုးဘာသာမရွေး ထိုးနှံပေးနေပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ထံမှ သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက လာရောက် ထိုးနှံသည့် အသက်(၆၅)နှစ် နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအစီအစဉ်တွင် ပါဝင်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး၊ ထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေး စောင့် ရှောက်မှုများ ဆောက်ရွက်ပေးလျက်ရှိရာ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေး လျှက်ရှိသည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးကြောင်း သိရသည်။
“အခုလို ကာကွယ်ဆေးများကို ထိုးနှံပေးသည့်အတွက် အလွန်ပင် ဝမ်းသာမိပါတယ်၊ ကာကွယ်ဆေးထိုးရတဲ့ အကြောင်းကတော့ ရောဂါကူးစက်ခံရမှာကြောက်တာပေါ့လေ ဒါကြောင့် ကာကွယ်ဆေးထိုးဖြစ်တာပါ၊အခုလို အသက်ကြီးသူတွေကို ဦးစားပေးထိုးနှံပေးတဲ့အတွက် တာဝန်ရှိသူအားလုံးကိုကျေးဇူးတင်ပါတယ်”ဟု မြို့မအနောက်ရပ်ကွက်နေသူ အဘိုးတစ်ဦးမှ ပြောကြားခဲ့သည်။
ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် မောင်တောမြို့နယ်အတွက် ခွဲတန်းရရှိသည့် ကာကွယ်ဆေး အရေအတွက်မှာ (၁၄၉၀) လုံးဖြစ်ပြီး ကာကွယ်ဆေးတစ်လုံးကို လူနှစ်ဦးကို ထိုးနှံပေး၍ရကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် မောင်တောမြို့ပေါ်ရှိ စုရပ်(၂)နေရာဖြစ်သော မြို့မအနောက် ရပ်ကွက်ရှှိ သာသနာ့ဗိမာန်နှင့် မြို့သူကြီးရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတို့တွင် ထိုးနှံပေးမည်ဖြစ်ရာ ကျေးရွာများရှိ စုရပ်(၃)နေရာဖြစ်သော တောင်ပြိုလက်ဝဲမြို့ဆေးရုံ၊ မောရဝတီကျေးရွာ၊ ကြိမ်ချောင်းဆေးရုံ တို့တွင် အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား လူမျိုး ဘာသာမရွေး Sinopharm အမျိုးအစား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို တစ်နေ့လျှင် လူဦးရေ ၂၀၀ ခန့် ထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မောင်တောမြို့နယ်ရှိ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဆေးထိုးရန်လျာထားစာရင်းမှာ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူ (၁၆၈၆) ဦး၊ အစိုးရ/ပုဂ္ဂလိကနှင့်ကျန်းမာရေးဝန်ထမ်း (၆၃) ဦး၊ ပရဟိတအသင်းအဖွဲ့ (၁၆) ဦး၊ သံဃာတော်များနှင့် ဘာသာရေးကျောင်း (၁၀၀)ဦး၊ နိုင်ငံဝန်ထမ်း(၁၀၀၀)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၂၈)ဦး၊ အကျဉ်း/ အချုပ် သား (၁၇)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း (၇၀)ဦး စုစုပေါင်း (၂၉၈၀)ဦးအား၂၀၂၁ ခုနှစ် ၊ ဩဂုတ် (၂)ရက် နေ့မှ ဩဂုတ် (၇) ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံသူများသည် စာရင်းသွင်းရာတွင် မြန်ဆန်ရန်အတွက် ဆေးထိုးခံမည့်သူ၏ မှတ်ပုံတင်နံပါတ်နှင့် မွေးသက္ကရာဇ်များအား တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံပြီး သက်ကြီးရွယ်အိုများ နေအိမ်သို့ပြန်ရန် အခက်အခဲရှိသူများကို မော်တော်ယာဉ်များနှင့် လိုက်ပါပို့ဆောင်ပေးနိုင်ရန် စီစဉ်ဆောင် ရွက်ထားကြောင်း သိရသည်။
သက်လွင်စိုး