ပြင်စလူ ဩဂုတ် ၁
ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် (၁)နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းက ပြင်စလူမြို့နယ်အတွင်းရှိပြင်စလူမြို့ ရပ်ကွက်(၃)ရပ်ကွက် ၊ကျေးရွာ အုပ်စု များဖြစ်သော ကုန်းကြီးကျေးရွာ၊ ရေတွင်းဆိပ်ကျေးရွာ၊ တယ်ပင်ကိုင်းကျေးရွာ၊ သစ်ပုတ် ကျေးရွာနှင့် ဓနိဆိပ်ကျေးရွာတို့မှ အသက်(၆၅)နှစ်အထက်မိဘပြည်သူ (၉၉၃) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် (၃၁-၁-၂၀၂၁)မှ (၂-၈-၂၀၂၁) အထိ (၃)ရက်ကြာ မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျေးရွာများမှ ကာကွယ်ဆေးလာရောက်ထိုးနှံကြမည့် မိဘပြည်သူများ အခက်အခဲမရှိစေရေးအတွက် ကြိုတင်အစီအစဉ်များ ဆောင်ရွက်ထားမည်ဖြစ်ပြီး စာရင်းပေး သွင်းမည့်နေရာ၊ ဆေးထိုးမည့်နေရာ၊ စောင့်ကြည့်နေရာများ ဆောင်ရွက်ထားရှိပြီး ၊ကာကွယ်ဆေးလာရောက်ထိုးနှံကြမည့် အဘိုးအဖွားများကလည်း နိုင်ငံသားစိစစ်ရေးကတ် များပါ တစ်ပါတည်းယူဆောင် လာကြရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အတွက် လိုအပ်ချက်များဆောင်ရွက်နိုင်ရန် မြို့ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်တစ်သိန်းငါးသောင်းတိတိကို မြို့အထောက်အကူပြုကော်မတီများ ဖြစ်သည့်ဦးစိုးမောင်၊ ဦးဖိုးထူးတို့ကပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့မိ၊မြို့ဖများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြင်စလူမြို့ (ပြန်/ဆက်)