ကျောက်ဆည် ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ယမန်နေ့နံနက် ၉ နာရီခွဲက ကျောက်ဆည်မြို့ စုကြီးရပ်ကွက်မြို့တော်ခန်းမနှင့် ညောင်ခြောက်ပင် ရပ်ကွက်ရွှေဖောင်ဒေးရှင်းခန်းမတွင် စုရပ်အဖြစ်သတ်မှတ်၍ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီကြီးကြပ်မှုဖြင့် ကျောက်ဆည်ခရိုင်အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်ပူးပေါင်း၍ အဖွဲ့(၅)ဖွဲ့ခွဲကာ မြို့ပေါ်(၁၀) ရပ်ကွက်မှ အသက်(၆၅)နှစ် အထက်အဘိုးအဘွားများအား ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် အသက်(၆၅)နှစ်အထက်အဘိုးအဘွားများအား ကာကွယ် ဆေးများကို ဦးစားပေးထိုးနှံပေးလျက်ရှိပြီးကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းနှင့်ယခုထိုးနှံပေးသောကာကွယ် ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျက်ရာ လူဦးရေ(၁၄၀၀)ဦးအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများကိုလည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
တင်တင်ထွေး