မူဆယ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြိုတွင် Covid-19 ရောဂါကူးစက်မှု မရှိစေရေးအတွက် သက်ဆိုင်ရာနှင့် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိရာ Covid-19 အတည်ပြုလူနာများထားရှိသည့် ပြည်သူ့ဆေးရုံ၊ ကုတင် (၂၀၀)ဆန့်ပြည်သူ့ဆေးရုံသစ်နှင့် တရုတ်စာသင်ကျောင်း Quarantine Centre တို့တွင် ပိုးတွေ့ အတည်ပြုလူနာဦးရေ စုစုပေါင်း (၅၅၃)ဦး ဆေးကုသမှုခံယူခဲ့ကြပြီး ရောဂါသက်သာ၍ ဆေးရုံ ဆင်းခွင့်ရသူ(၁၅၈)ဦးနှင့် သေဆုံးသူ(၆)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အခြားသောမြို့များမှ ရောဂါပိုးသယ်ဆောင်လာမှု၊ ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့အဝင်/ အထွက်များတွင် တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်း၍ လူဝင်/လူထွက်ကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ Covid-19 ရောဂါကူးစက်မှုများပြားလာမှုကြောင့် မူဆယ်မြို့နယ်အား (၁၃-၇-၂၀၂၁)ရက်နေ့ မှစတင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at Home သတ်မှတ်ပြီးဖြစ်ရာ မြို့တွင်းလမ်းမ လမ်းသွယ်များကိုလည်း ရပ်ကွက်များမှ မိမိရပ်ကွက်အတွင်း ရပ်မိရပ်ဖများအစီအစဉ်ဖြင့် အဆင့်ဆင့် ပိတ်ထားကြောင်း တွေ့ရှိရသည်။
မူဆယ်မြို့တွင် Covid-19 ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် အထောက်အကူပြု ပစ္စည်းများရရှိရေး နှင့် Quarantine ဝင်ရောက်နေသူများ၏ စားသောက်ရေး၊ ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ရေးတို့အတွက် လိုအပ်သည့် သောက်ရေသန့်၊ အာဟာရ၊ အသုံးအဆောင်ပစ္စည်းများကို မြို့နေပြည်သူများကလည်း လှူဒါန်းပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စန်းစန်း