တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ Covid-19 ရောဂါ၊ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်

တောင်ကြီး ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူး ကြီးသက်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်ကြက်ခြေနီဒုတိယတပ်ခွဲမှူးတို့နှင့်အတူ ယနေ့ နံနက်(၁၁)နာရီက ကလောမြို့နယ် အောင်ပန်း ဟိုက်ဒရိုကွင်းမြို့ခန်းမ၌ အောင်ပန်းမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ဇူလိုင်(၁၃)ရက်က ရှမ်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၏ အစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရာတွင် အောင်ပန်းမြို့တွင် covid-19 ရောဂါပိုးတွေ့ရှိမှု ပြန့်ပွားနေသဖြင့် ကုန်တင်ကုန်ချနှင့် ကားဝင်းများကို နေရာနှင့်စည်းကမ်းချက်သတ်မှတ်နိုင်ရေး၊ ပညာရေးကဏ္ဍတွင်လည်း မြို့နယ်ပညာရေးမှူးနှင့် ညှိနှိုင်းကာ ကျောင်းများပြန်လည်ဖွင့်နိုင်မှု ရှိမရှိဆောင်ရွက်ရန် ယခင်ဒုတိယအကြိမ်လိုမျိုး မနက်ပိုင်း ညနေပိုင်းခွဲခြားသတ်မှတ်မှုမျိုး ဆောင်ရွက်နိုင်မလား၊ ကျောင်းများ ပိတ်ထားလို့မရ ကျောင်းသား၊ ကျောင်းသူများ ပညာရေးကဏ္ဍ နောက်ကျမည်ကို လည်းစိုးရိမ်ရပါကြောင်း၊ ယခုအချိန်တွင်ဝါတွင်းကာလ ရောက်တော့မည်ဖြစ်၍ ဘုန်းကြီးကျောင်းတက်မည်သူများကို ရပ်ကွက်အလိုက် အချိန်သတ်မှတ်ပေးရန်၊ စည်ပင်ကဏ္ဍ တွင်လည်းဈေးများကို ပျံကျဈေး တစ်နေရာသာ သတ်မှတ်ရန်နှင့် Mask မတပ်သူများကိုဒဏ်ကြေးအဖြစ် ငွေကျပ် (၅၀၀) ဒဏ်ငွေ ပေးဆောင်စေပြီး mask တပ်နိုင်အောင် ဆောင်ရွက်ပေးရန် စသည့်တို့ကို မှာကြားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးမှ လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးပြီး ကလော မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းမှ ဆွေးနွေးတင်ပြကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)