ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

ခရမ်း ဇူလိုင် ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊  ခရမ်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမွန်အောင်က Stay at Home အစီအစဉ်တွင် ခရမ်းမြို့နယ်မှ ပါဝင်ပါသဖြင့် အများပြည်သူများ ကိုဗစ်-၁၉ ရောဂါ မိမိကအစကာကွယ်ပါ ဆောင်ပုဒ်အတိုင်း ပြည်သူအားလုံး မဖြစ်မနေ လိုက်နာ ဆောင်ရွက်ကြစေရေးအတွက် အသိသတိပေး နှိုးဆော်ခြင်းကို မြို့နယ်အနှံ့လှည့်လည် ကြေညာနိုင်ရေး၊ မြို့ဝင်မြို့ထွက်ဂိတ်များတွင် mask တပ်ဆင်ပြီးမှသာ မြို့တွင်းဝင်ခွင့်ပြုရေး၊ ဆိုင်ကယ်များ စည်းကမ်းနှင့်အညီ မောင်းနှင်စီးနင်းစေရေး၊ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ ပိုးတွေ့လူနာများ၏ နေအိမ်၊ လမ်းများသို့ ပိုးသတ်ဆေးများဖျန်းနိုင်ရေး၊ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန်နှင့် မြို့မဈေးကြီးအား အချိန်ကန့်သက်၍ ဖွင့်လှစ်ရေး၊ ကာကွယ်ဆေးများ ရောက်ရှိပါက အမြန်ဆုံး ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များက  မြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပျံနှံ့မှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုအခါ ခရမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုမှာ ၃၁၈ ဦးအထိ တွေ့ရှိခဲ့ပြီး ခရမ်းမြို့မ ဆေးရုံနှင့် မိုးကုပ်ရိပ်သာအောင် ဓမ္မရိပ်သာတို့တွင် သီးသန့်ထား ကုသပေး၍ ၎င်းတို့နှင့် ထိစပ်သူများကို နေအိမ်များတွင်သာ Quarantine ထားရှိပြီး စောင့်ကြည့်လျက်ရှိပြီး  ကူးစက်မှုများ တာဆီးနိုင်ရေး အတွက် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း