မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁)ဦးထပ်မံတွေ့ရှိ

မိုင်းရယ် ဇူလိုင် ၁၄

လားရှိုးခရိုင်၊ မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မောက်ပင့်ဖစားသောက်ဆိုင်မှ ယမန်နေ့က ကိုဗစ်-၁၉ပိုးတွေ့ လူနာ ၁ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့် ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ သူ ၁ ဦးရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာသည် မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ၊ မောက်ပင့်ဖစားသောက်ဆိုင်မှ ဖြစ်ပြီး လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က လားရှိုးမြို့သို့ သွားရောက်ခဲ့သူဖြစ်ကြောင်း လည်း သိရသည်။ လားရှိုးမှ ပြန်လာပြီး ၂ ရက်ခန့်တွင် အနံ့မရခြင်းများဖြစ်ပေါ်ခဲ့သဖြင့် မိုင်းရယ် ပြည်သူ့ဆေးရုံသို့ သံသယလူနာအဖြစ် RDT Test Kit ဖြင့်စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် မောက်ပင့်ဖ စားသောက်ဆိုင်ကို ဟိဓတရလူမှုကူညီရေးအသင်းမှ ပိုးသတ်ဆေးဖျန်းခြင်းများကို ချက်ခြင်းဆောင်ရွက်ပေးခဲသည်။ ၎င်းနှင့်ဆက်စပ်သူ မိသားစုဝင် ၁၀ ဦးကိုလည်း အသွားအလာ ကန့်သတ်ခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၈ ဦးနှင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသူ ၁၆ ဦးရှိကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)