ပုသိမ် ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများအား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ သန့်ရှင်းသာယာလှပရေးတို့အတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ဇွန် ၆ ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ စက်တော်ရာဘိုးဘွားရိပ်သာဝန်း၌ ဌာနဆိုင်ရာများ၊ ပြည်သူများစုပေါင်း၍ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ပုသိမ်မြို့အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဘေးလမ်းအုတ်ရေမြောင်းတည်ဆောက်ခြင်းနှင့် ကွန်ကရစ်လမ်းသားတိုးချဲ့ခြင်း လုပ်ငန်းအားလည်းကောင်း၊ ဈေးချောင်း ချောင်းတူးဖော်ခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းဆယ်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ ဘူတာရုံလမ်းဘေးဝဲယာ၌ ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်း၍ သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုနှင့် ရေမြောင်း ဆယ်ယူနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကျောက်ငူလမ်းရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ပိုလန်ဆိပ်တွင် ရေယာဉ်များ ဆိုက်ကပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေယာဉ်များဆိုက်ကပ်နိုင်ရန်အတွက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ခရီးသည်များ သွားလာရေးအဆင်ပြေစေရေး ကြိုတင်ဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ နံ့သာကုန်းမိုးကုတ်ဝိပဿနာ ရိပ်သာကျောင်းဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထား၍ နဝကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အ.လ.က(၄)သို့ ရောက်ရှိ၍ ကျောင်းကစားကွင်းဖော်ဆောင်မည့် မြေနေရာအားလည်းကောင်း၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ဖော်ဆောင်ထားရှိပြီးသည့် ကျောင်းအားကစားကွင်းနှင့် ဆက်လက်ဖော်ဆောင်မည့် မီနီအားကစားကွင်းမြေနေရာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် PTTEPI ကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ဆောင်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် စီစဉ်ထား ရှိသော လုပ်ဆောင်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)