စဉ့်ကူးမြို့၌ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

စဉ့်ကူး    ဇွန်     

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ်ဦးစီးမှူး ဦးလှထွေးနှင့်တာဝန်ရှိသူများက  အသက် ၁၀ နှစ်နှင့်အထက် ကျောင်သား၊ ကျောင်းသူ စုစုပေါင်း ၅၀ အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးသည်။

လမင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာဝင်းခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမျိုး၀င်း၊ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုဇာလွင်နှင့်တာဝန်ရှိများက ကြည့်ရှုအားပေးကြပြီး စစ်ဗျူဟာမှူးက ပြည်သူများအတွက် UID ကတ်များဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ဆက်သွယ်ရေးအထောက်အကူပြုပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ဦးစီးမှူးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)