ရန်ကုန် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ကဏ္ဍအလိုက် ပျက်စီးဆုံးရှုံးမှု စာရင်းများကောက်ယူမှုပုံစံ ရှင်းလင်းခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာများအနေဖြင့် သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်ထားကြရန်၊ ဘေးအန္တရာယ်ဖြစ်ပွားလာပါကလည်း အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ထားကြရန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ လိုအပ်ချက်များကို ထိရောက်စွာ ကူညီနိုင်ရန်အတွက် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ကနဦးအဆင့်မှစ၍ တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေး စီမံဆောင်ရွက်ထားကြရန်၊ သင်တန်းတက်ရောက်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပျက်စီးဆုံးရှုံးမှု ကိန်းဂဏန်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ရရှိစေရန်အတွက် သင်တန်းမှရရှိသည့် ဗဟုသုတများကို မိမိဌာနများတွင် ပြန်လည်မျှဝေဆောင်ရွက်ပေးကြရန်နှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်စသည်တို့ကို ပြောကြားသည်။
အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့၊ တိုင်းဒေသကြီး တာဝန်ခံက သင်တန်းသား၊ သင်တန်းသူ (၁၁၅) ဦးအား ကဏ္ဍအလိုက် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူရေးပုံစံ (၁၇) မျိုးအား တစ်ရက်တာ ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)