ကျွန်းစုမြို့နယ်၌ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ကျွန်းစု ဇွန် ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာအလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို ဇွန် ၈ ရက် နံနက် ၁၀ နာရီက အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပသည်။

ပြိုင်ပွဲတွင် “မူးယစ်ကင်းစင်တို့ပြည်တစ်ခွင် သာယာလှပအနာဂတ်ဘဝ၊ လွယ်လွယ်နဲ့ရသုံးစွဲကြ မူးယစ်သားကောင်ဖြစ်နေရ ဝိုင်းဝန်းကာကွယ်တားဆီးမှ၊ မူးယစ်ကင်းစင်တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြလုံခြုံလှ၊ နိုင်ငံအနာဂတ်လှပစေဖို့ မူးယစ်ဆေးကိုအမြစ်ဖြတ်စို့၊ ဗလငါးတန်ခိုင်မြဲဖို့ မူးယစ်ဆေးကိုတိုက်ဖျက်စို့၊ အဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့” ခေါင်းစဉ်များဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့ အထက်တန်းအဆင့် ၁၆ ဦး၊ အလယ်တန်းအဆင့် ၃၀ စုစုပေါင်း ၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်နုနုလွင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)