မော်လမြိုင် ဇွန် ၈
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မော်လမြိုင်မြို့၌ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြိုင်သာယာရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်၊ ပြည်နယ်/ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ ကျေးလက် ကျန်းမာရေးဌာနအောက်ရှိ ရပ်ကွက်/ကျေးရွာများ၏ နေအိမ်များတွင် ပန်းအိုးများ၊ ရေစည်များ၊ ရေအိုးရေခွက်များနှင့် ရေဝပ်နိုင်သောပစ္စည်းများအတွင်း ပိုးလောက်လန်းများ ပေါက်ဖွားနိုင်သည့် နေရာများအား ကြည့်ရှုစစ်ဆေးကာ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေတွင်းရေကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
မော်လမြိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မေလမှစ၍ မြို့ပေါ်ရပ်ကွက်အတွင်း ဆောင်ရွက်လျက်ရှိပြီး ကျေးရွာများတွင်လည်းသက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)