ကျိုက်ထိုမြို့နယ်တွင် မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ကို ကျင့်သုံးတတ်စေရန် လိုက်လံဆောင်ရွက်

ကျိုက်ထို ဇွန် ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွား‌စေရေး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များရှိရေတွင်း၊ ရေကန်များသို့ သွားရောက်၍ အဘိတ်ဆေးများ ခတ်ကာ ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ကို ကျင့်သုံးတတ်စေရန် ယနေ့နံနက်ပိုင်းတွင် လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ ဆောင်ရွက်ရခြင်းမှာ မိုးဦးရာသီကာလ၌ သွေးလွန်တုပ်ကွေးရောဂါသယ်ဆောင်လာသည့် ခြင်များပေါက်ဖွားနှုန်းမြန်ပြီး လူနှင့်တိရိစ္ဆာန်များအား ကိုက်ခဲ၍ လူအများသွေးလွန်တုပ်ကွေးရောဂါကူးစက်ပြီး အသက်သေစေနိုင်မှုအား ကြိုတင်ကာကွယ်ခြင်းဖြစ်သည့်အတွက် လူနေအိမ်များရှိ ရေတွင်း၊ ရေကန်များ၊ သိုလှောင်ထားသည့် သောက်သုံးရေများတွင် ခြင်များ ဥချမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ကို ပြည်သူများ လိုက်နာကျင့်သုံးဖို့လိုကြောင်း ရှင်းလင်းပြောကြားပြီး အဘိတ်ဆေးများ ခတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရာသို့ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး (ပြန်/ဆက်)