ထားဝယ် ဇွန် ၈
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ် ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံး နှင့် လောင်းလုံးမြို့နယ် ဦးစီးမှူးရုံးများမှ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် တိုင်းဒေသကြီးဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံသားကိုယ်ရေးမှတ်တမ်းထားရှိသည့်အမှုတွဲခန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ရက်(၁၀၀) လမင်းစီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးနှင့် လောင်းလုံးမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက ဒေသခံပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ပေးနေမှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများထံသို့ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို လက်ဝယ်အရောက်ပေးအပ်သည်။
အဆိုပါ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်မရရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ အသက် (၁၀)နှစ်နှင့် အထက် မှတ်ပုံတင်အသစ် ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူ၍ UIDကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)