ကျိုက်လတ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကျိုက်လတ် ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြစန္ဒီခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို အထက-(၁) ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆို၍ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအောင်မိုးက “နိုင်ငံ‌တော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံ ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုများနှင့်ပတ်သက်၍ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ သိသင့်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍ နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပုံနှိပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများအား တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ နှင့် ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် အထက-(၂) ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆို‌ဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပြီး၊ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ကျောင်းကော်မတီများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)