ချောက် ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့်ကျောင်းပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြရိပ်ညိုခန်းမ၌ ကျင်းပသည်။
အဆိုပါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့် ကျောင်းပေါ်ထွန်းရေးအလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်ကအဖွင့် စကားပြောကြာပြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက မြို့နယ်အတွင်း ကျောင်းကျန်းမာရေး အဆင့်မြင့်ကျောင်းပေါ်ထွန်းရေးဆောင်ရွက်ရမည့် အချက်အလက်၊ လုပ်ငန်းစဉ်တို့အား ရှင်းလင်းပြောကြား၍ အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ကျောင်းများကဏ္ဍ အလိုက်ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ချောက်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းနှင့် ပညာရေးဝန်ထမ်းနည်းပြဆရာ/ဆရာမ (၄) ဦးတို့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး/ဆရာမကြီး စုစုပေါင်း (၂၀၀) ဦးတို့အား ဇွန်လ ၆ ရက်နေ့မှ ၇ ရက်နေ့ထိ နံနက် ၉ နာရီမှညနေ ၄ နာရီအထိ ၂ ရက်တာ ကျောင်းအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျန်းမာရေးအဆင့်မြင့်ရေးဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အဆင့်အလိုက်ခွဲခြား သတ်မှတ်ရမည့် လုပ်ငန်းတာဝန်တို့အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)