မင်းလှမြို့တွင် ထင်းအစားအခြားလောင်စာတိုးမြှင့် သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုပညာပေး ဟောပြောပွဲကျင်းပ

မင်းလှ ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ စီစဥ်ကြီးကြပ်မှုဖြင့် ထင်းအစားအခြား လောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လူထုပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မင်းလှမြို့၊ ရုံးရပ်ကွက်မြောက်ပိုင်းရှိ သာသနာ့ဗိမာန် ဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင်  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိုက်စိုးဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်စိုးက အခမ်းအနားသို့တက်ရောက်သည့်ရပ်မိ၊ ရပ်ဖ​ပြည်သူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ထင်းအစား အခြားလောင်စာတိုးမြှင့်အသုံးပြုရန်  လူထုအသိပညာပေး ဟောပြောဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က စွမ်းအားမြှင့်မီးဖိုများအား ထိရောက်စွာ အသုံးပြုစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် ဟောပြောပွဲ တက်ရောက်သည့် အိမ်ထောင်စုဝင် (၄၁၀) ဦးအတွက် စွမ်းအားမြှင့်အေဝမ်း မီးဖိုအလုံး  (၄၀၀) ကို ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)