အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား ကျင်းပ

အောင်လံ ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေက အဖွင့်အမှာစကား ပြောကြားရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေးနဲ့ သားသမီးများရဲ့ ပညာရေးအနာဂတ် မပြတ်တောက်စေဖို့အတွက် အခုလို ပညာသင်စရိတ် ထောက်ပံ့မှုတွေကို နှစ်စဉ်ဆောင်ရွက်ပေးနေတာဖြစ်ပြီး၊ ဝန်ထမ်းမိဘများအနေနဲ့ မိမိတို့သားသမီးတွေကို အသိပညာ၊ အတတ်ပညာပြည့်စုံတဲ့ မျိုးဆက်သစ်တွေဖြစ်အောင် တွန်းအားပေး ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် ပညာသင်ထောက်ပံ့ကြေးများကို တက္ကသိုလ်အဆင့်နှင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက စာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းစိမ်းဝတ်စုံနှင့် ပညာသင်စရိတ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)