မင်းဘူးခရိုင်၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၂၀၂၆ ခုနှစ် မိုးရာသီသစ်မျိုးစုံ အပင်ပေါင်း (၁၅၀၀၀၀)ကျော် စိုက်ပျိုးထားရှိ

မင်းဘူး ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဒေသတွင်း ကျေးလက်ဒေသဖွံဖြိုးရေးကို အထောက်အကူဖြစ်စေရန်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်သာယာလှပလာစေရန်၊ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်စေရန်နှင့် ဂေဟစနစ် မျှတကောင်းမွန်လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများအဖြစ် သစ်မျိုးစုံ အပင်ပေါင်း (၁၅၀၀၀၀)ကျော် ခရိုင်အတွင်းရှိ မြို့နယ်များ၌ စိုက်ပျိုးထားကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ခရိုင်အတွင်း အပူဒဏ်လျော့နည်းစေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် နှစ်စဉ်မိုးရာသီတွင် အရိပ်ရအပင်များကို စိုက်ပျိုးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်းနှင့် ငဖဲမြို့နယ်များ၌ သစ်တောစိုက်ခင်း ဧကပေါင်း (၂၂၀)၊ အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း အပင်ပေါင်း (၈၀၀၀)၊ တစ်ရွာ (၂)ဧက ကျေးရွာပိုင်စိုက်ခင်း ဧကပေါင်း (၃၀)နှင့် ယာစည်းရိုးတွင် သစ်ပင်စိုက်ပျိုးခြင်း အပင်ပေါင်း (၁၀၀၀) အပါအဝင် စုစုပေါင်း သစ်မျိုးစုံအပင်ပေါင်း (၁၅၉၈၄၀)ပင်ကို စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း မင်းဘူးခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မောင်ထွေးက ပြောသည်။

ထို့အပြင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ကျေးရွာသုံးစိုက်ခင်း၊ တောင်တန်းစိုက်ခင်း၊ အခြားစိုက်ခင်းများတွင် ယူကလစ်၊ မဲဇလီ၊ ပဲချယ်ရီ၊ ဘောစကိုင်း၊ တမာ၊ ရှား၊ ဒဟတ်၊ ဖျောက်ဆိပ်၊ ကုက္ကို၊ ရင်းမာ၊ ကျွန်း၊ ဆီးနှင့် သရက် စသည့် အရိပ်ရသစ်ပင်များကို စိုက်ပျိုးလျက်ရှိသည့်အပြင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ပြည်သူလူထုလှုပ်ရှားမှုအသွင်ဖြင့် တိုင်းဒေသကြီးအဆင့် ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် မင်းဘူး(စကု)မြို့နယ်၌ အရိပ်ရပျိုးပင်ပေါင်း (၁၀၀၀) ကို ဆက်လက်စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)