တံတားဦး ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် သူငယ်တော်ကျေးရွာ ရွှေငယ်မြေလယ်ယာနှင့် အထွေထွေစီပွားရေးလုပ်ငန်း သမဝါယမအသင်းစပါးစိုက် အသင်းသားတောင်သူများအား လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သက်တန့်ရောင်) စီမံကိန်းမှသွင်းအားစု ထောက်ပံ့ပေးအပ်ပွဲကို ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ကျေးရွာ ကိုးတောင်ပြည့်ဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းလင်းက လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်) စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး အကျယ်တဝင့်ရှင်းလင်းပြောကြား၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးကျော်ကျော်နောင်ကသွင်းအားစုများထောက်ပံ့ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သွင်းအားစုများကို အသင်းသားတောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။
တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ရွှေငယ်မြေလယ်ယာနှင့် အထွေထွေစီပွားရေးလုပ်ငန်း သမဝါယမအသင်းစပါးစိုက် အသင်းသားတောင်သူ ၂၈ ဦးရှိပြီး စပါးစိုက်ဧက ၅၀ အတွက် လိုအပ်သည့် သွင်းအားစုများနှင့် စပါးမျိုးများတန်ဖိုးငွေကျပ် ၁၄ ဒသမ ၄ သန်းအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)