မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

မကွေး ဇွန်  ၅

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်‌မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တာ်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ဆုရကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချူပ် ဦးတင်ကိုကိုက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားကို တိုင်းဒေသကြီးအတွင်းနေထိုင်ကြသည့် ဒေသခံပြည်သူများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်တွေကို အလျင်အမြန်ကိုင်တွယ်ဖြေရှင်းရန်လို အပ်နေပြီဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းသို့ သတိပေးလှုံ့ဆော်တဲ့အနေနဲ့ “ရာသီဥတုပြောင်းလဲမှုတိုက် ဖျက်ဖို့ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” “A Global Call For Climate Action” ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် ရိုးရှင်းထိရောက်သောနည်းလမ်းများကို လိုက်နာကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များအားကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင် ကိုလက်ဆင့်ကမ်းပေးနိုင်ရန်နှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းလုပ်ငန်းစဉ်များတွင် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများလုပ်ငန်းရှင်များ၊ သုတေသနပညာရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယိုပြသခြင်း၊ ၂၀၂၆ခုနှစ်၊ ကုလသမဂ္ဂပတ်၀န်းကျင်အစီအစဉ်(UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ ဗွီဒီယိုပြသခြင်းနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုတို့ကိုပြသခဲ့ပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောဆုရ ကျောင်းများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆုနှင့် အခြေခံပညာအထက်တန်းအဆင့်နှင့် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးခဲ့သည်။

ယင်း‌နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆိုင်ရာလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ ပြိုင်ပွဲဝင်ဆုရစာစီစာကုံးများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများအား Recycle Bag၊ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ Logo ပါမျက်နှာသုတ်ပဝါမျာအား အမှတ်တရလက်ဆောင် ဝေငှပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)