ထန်းတပင် ဇွန် ၅
တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ တောင်သူပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး တာဝန်ခံ ဦးမိုးခိုင်က ပိုးသတ်ဆေးဥပဒေအကြောင်းအရာများနှင့် သီးနှံပင်များတွင် ဓါတ်ကြွင်းအာနိသင်များ လျော့ချရေးအကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။
ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ယဉ်အောင်၊ ခရိုင်မြို့စေ့ တာဝန်ခံ ဒေါ်လှလှမြတ်နှင့် မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုတို့က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ရွှေခရုကာကွယ်ရေးအကြောင်းအရာများနှင့် ခေါင်နှံစပါးမျိုး ရွေးချယ်ခြင်း အကြောင်းအရာများကို တက်ရောက်လာကြသည့် ဒေသခံတောင်သူများကို အသိပညာပေးဟောပြောခဲ့ကြပြီး တောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)