ကျောက်ဆည်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

ကျောက်ဆည်  ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက်(၉)နာရီက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့”ဆောင်ပုဒ်နဲ့အညီ ကမ္ဘာကြီးကျန်းမာသာယာလှပဖို့ လူငယ်များနှင့်ပြည်သူလူထုအားလုံးက တာဝန်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးသီဟက ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ပေါ်ပေါက်လာပုံအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်စုံပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့်ကျောင်း သား၊ ကျောင်းသူများနှင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုပြိုင်ပွဲအတွက် ကျောင်းများအား ပံ့ပိုးခဲ့သည့်လုပ်ငန်းရှင်များနှင့် ဆုရရှိခဲ့သည့်ကျောင်းများအား ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများနှင့်ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့”  Video Clip အားပြသခဲ့ပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အခမ်းနားအပြီးတွင် “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သက်မောင်၊(ကျောက်ဆည်)