ဟင်္သာတ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် အစိုးရသစ် ရက် (၁၀၀) စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းအား (၄-၆-၂၀၂၆) ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီ၌ ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်က လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်ကြားမည့်ခေါင်းစဉ်များနှင့် တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ဟင်္သာတမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ လူထုကျန်းမာရေးလုပ်သား (၅၁) ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ၊ ဆေးဝါးကုသစောင့်ရှောက်မှု လုပ်ငန်း၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း၊ ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်များနှင့် ဖွားသေစာရင်းအင်းများ ကောက်ယူခြင်း၊ အစီရင်ခံစာပေးပို့ခြင်း၊ တင်ပြခြင်း၊ ထူးခြားဖြစ်စဉ် သတင်းပို့ခြင်းစသည့် သင်ခန်းစာများကို ရက်သတ္တပတ် (၂)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)