မော်လမြိုင်ကျွန်း ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (နိုင်/စိစစ်ကတ်) နှင့် Unique Identification Number (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို ဇွန် ၄ ရက် နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးရဲကျော်က နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်း၏ အရေးပါမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ ပြီးနောက် အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းတက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက လိုအပ်သော အချက်အလက်များ စိစစ်ကောက်ယူ၍ နေချင်းပြီး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပြီး ထုတ်ပေးပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြသည်။
အဆိုပါဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးဆိုင်ရာ အထောက်အထားများ အချိန်မီရရှိနိုင်မည်ဖြစ်ပြီး ပညာရေးနှင့် အခြားလူမှုဘဝဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်နှင့်အညီ မြို့နယ်အတွင်းရှိ ကျောင်းများ၌ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)