စစ်ကိုင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

စစ်ကိုင်း ဇွန် ၅

စစ်ကိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က စစ်ကိုင်းမြို့ ရွှေမင်းဝံအခြေခံပညာအထက်တန်းကျောင်း ပညာရောင်ခြည်ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မိမိကျော်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံနှင့် ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ရွှေမင်းဝံအ.ထ.ကကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပတ်ဝန်းကျင် ထိန်းသိမ်းရေး”သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip နှင့် ကုလသမ္မဂအတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာ Video Clip အား ပြသခဲ့သည်။

ဆက်လက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်ညွန့်နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိတို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများမှ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် နံရံကပ်ပြဘုတ်များအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)