မုံရွာ၊ ဇွန် ၅
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ကို ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၅ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၈၃ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ဆက်လက်ပြီး ကြယ်ပွင့်ပြထားသည့် မေးခွန်း (၁၀) ခုကို လွှတ်တော်ကိုယ်စားလှယ် (၉) ဦးက မေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားပေးခဲ့သည်။
ထို့နောက် မော်လိုက်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဒေါ်စန္ဒာသိန်း၏"ချင်းတွင်းမြစ် အထက်ပိုင်းရှိ အဆင်ခြင်မဲ့ ရွှေတူးဖော်မှုလုပ်ငန်းများကြောင့် မြစ်ကြောင်းပျက်စီးခြင်းနှင့်ပြဒါး ညစ်ညမ်းမှုနှင့် ဆိုင်ယာနိုက်ဓာတုပစ္စည်းများ ဘေးအန္တရာယ်များမှ ကာကွယ်တားဆီးနိုင်ရေး" တိုက်တွန်းကြောင်းအဆို တင်သွင်းရာဖောင်းပြင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးတင်မင်းထွဋ် က ထောက်ခံဆွေးနွေးခဲ့သည်။
အဆိုပါ မော်လိုက်မြို့ နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဒေါ်စန္ဒာသိန်း ၏ "ချင်းတွင်းမြစ်အထက်ပိုင်းရှိ အဆင်ခြင်မဲ့ ရွှေတူးဖော်မှုလုပ်ငန်းများကြောင့် မြစ်ကြောင်းပျက်စီးခြင်းနှင့် ပြဒါးညစ်ညမ်းမှုနှင့် ဆိုင်ယာနိုက်ဓာတုပစ္စည်းများ ဘေးအန္တရာယ်များမှ ကာကွယ်တားဆီးနိုင်ရေး”တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူညီသည့်အတွက် ယင်းအဆိုကို တိုင်းဒေသကြီးလွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံးအကြီးအမှူးထံသို့ အမည်စာရင်းများကို ဇွန်လ ၅ ရက်နေ့ ညနေ ၄ နာရီအရောက် တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေးဒုတိယနေ့ကို ဇွန်လ (၅) ရက်နေ့ နံနက် (၁၀) နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)