အုတ်တွင်း ဇွန် ၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးလုပ်ငန်းတွင် စွယ်စုံသုံးနိုင်သည့် စပါးခွံမီးခိုးပေါင်းခံရည်နှင့် စပါးခွံမီးသွေးမှရရှိလာမည့် သဘာဝကိုအခြေခံသည့် ပိုးမွှားရောဂါကာကွယ်ဆေးများကို ထုတ်လုပ်တတ်စေ ရန်ရည်ရွယ်၍ ပေါက်တောကျေးရွာမှ တောင်သူများအား စပါးခွံမီးသွေး၊ သဘာဝမြေသြဇာထုတ်လုပ်၍ စပါးခွံပေါင်းခံရည်ထုတ်လုပ်မှု သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦး အောင်ဆန်းဦးက စပါးခွံမီးသွေး၊ သဘာဝမြေသြဇာထုတ်လုပ်၍ စပါးခွံပေါင်းခံရည်ထုတ်လုပ်မှု၊ ဘက်စုံပိုးမွှားရောဂါကာကွယ်ရေးအတွက် အသုံးပြုပုံနှင့် ထုတ်လုပ်နည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ တောင်သူများမှ သိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် အဖွဲဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဦးနှင့် ဝန်ထမ်းများ၊ ကျေးရွာမှ တောင်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)