မုံရွာမြို့၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသားသစ်များ လက်ခံရရှိရေး ကွင်းဆင်းဆောင်ရွက်

မုံရွာ ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ မုံရွာခရိုင် စက်မှု၊ စိုက်ပျိုးမွေးမြူရေး ကျောင်းသားသစ်များ ရရှိရေးအဖွဲ့သည် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသားသစ်များ လက်ခံရရှိရေးအတွက် ဇွန် ၄ ရက်က မုံရွာမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကွင်းဆင်းစည်းရုံးဆောင်ရွက်ခဲ့သည်။

ဦးစွာ   မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်နှင့်အတူ  ခရိုင်ပညာရေးမှူး ဦးတင်ဝင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါက်တာ တင်မာမာဦး၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာဥမ္မာအေးတို့ ပါဝင်သောအဖွဲ့သည် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (အလုံ) သို့ ရောက်ရှိပြီး Grade (10) ကျောင်းသားကျောင်းသူများ၊  ကျောင်းသားမိဘများနှင့်တွေ့ဆုံကာ ကဏ္ဍအလိုက်  သက်ဆိုင်ရာဘာသာရပ်များအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ ကျောင်းသား ကျောင်းသူများ သက်မွေးပညာရပ်များအား စိတ်ပါဝင်စားမှုရရှိ‌စေရေး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအ‌ကြောင်း သိကောင်းစရာများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသားမိဘများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကာ  ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

အလားတူ အဆိုပါအဖွဲ့သည်   မုံရွာမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးမွေးမြူရေး ကျောင်းသားသစ်များ လက်ခံရရှိရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)